Thursday, August 29, 2013

ကဗျာတစ်ပုဒ်

အချစ်ကို ခဝါချကြည့်လိုက်တယ်
သူ့အသံလေးတွေဟာ စိုစိုစွတ်စွတ်နဲ့
ကိုယ့်နှလုံးသားမှာ ထင်ကျန်တုန်း

အချစ်ကို နေပူလှန်းကြည့်လိုက်တယ်
သူ့အပြုံးခြောက်ခြောက်သွေ့သွေ့တွေဟာ
ကိုယ့်နှလုံသားကို ဖေါက်ခွဲစေတုန်း

အချစ်ကို အချစ်လို့ မှတ်ယူလိုက်မိတယ်
သူဟာ ကိုယ့်အတွက် ကဗျာတစ်ပုဒ်ဖြစ်သွားတယ်
မဆုံးတဲ့ သံစဉ်တွေနဲ့ ကဗျာတစ်ပုဒ်
ကိုယ်အလှဆုံးရေးဖို့ ကြိုးစားနေမိရဲ့။

သွါားတော့ ကလေးရေ

ကလေးမျက်လုံးတွေဟာ ရီရီဝေဝေ
ကလေးဟာ အိပ်မက်တွေကို မုန်းတတ်တယ်
ကလေးက အိပ်စက်ခြင်းကိုနှစ်ခြိုက်တတ်
ကလေးဟာ အိပ်ရေးဝဝမအိပ်ရရှာ
ကလေးဟာ မြေစိုက်ပန်းလေးကို နှစ်သက်တယ်
ကလေးဟာ တော်ဝင်သဇင်ကို မြတ်နိုးတယ်

ကလေးအတွက်
အထူးအရေးပါသော တစ်စုံတစ်ယောက်ဟာ
ကိုယ်ဖြစ်မလာနိုင်တဲ့အခါ
ကလေးရေ
နှုတ်ဆက်ပါတယ်
ဒီလမ်းမှာဆုံလို့
ဒီလမ်းကပဲ ခွဲကြမယ်

ကလေးဟာကမ္ဘာကြီးကို နှစ်သက်တယ်
ကလေးဟာ ဧရာဝတီကိုချစ်တယ်
ကလေးဟာ တောတောင်မှာနေချင်သတဲ့
ကလေးဟာ ဆံရှည်မလေးကိုမှ မြတ်နိုးတတ်တယ်
ကလေးဟာ နှုတ်ခမ်းတွန့်ပြုံးရတာကို နှစ်သက်လို့
ကလေးဟာ ပြုံးရင်းနဲ့ စကားဆိုဖို့ကြောက်ရွံ့တယ်
ကလေးအတွက်ကိုယ်ဟာ
အိပ်မက်တစ်ခုဖြစ်ခဲ့သလား
ကလေးအတွက်ကိုယ်ဟာ
အိပ်စက်ခြင်းတွေခိုးယူတဲ့ နာရီ ဖြစ်ခဲ့သလား
ကလေးအတွက်ကိုယ်ဟာအခွင့်ထူးခံလူတန်းစာမဟုတ်မှန်းသိလာတဲ့အခါ
ကလေးအတွက်ကိုယ်ဟာ
တစ်စုံတစ်ခု အရေးမပါမှန်းသိလာတဲ့အခါ
ကလေးရေ အားနာလိုက်တာ
ကိုယ့်တွယ်တာမှုတွေအတွက်
ကလေးခမျာ စိတ်ညစ်ညူးနေရ
ကိုယ့်မြတ်နိုးမှုတွေအတွက်
ကလေးခမျာစိတ်ရှုပ်နေရ
ကလေးအတွက် ရှပ်အိကျီင်္အကွက်လေးတွေဝယ်ထားမိသမျှ
မပေးဖြစ်တဲ့အခါ
ကိုယ်ကိုယ်တိုင် ချဝတ်ဖြစ်တဲ့ အဲရိုးတံဆိပ်ရှပ်အိကျီ င်္လေးတွေအသိဆုံးပါ
ကိုယ်ဟာ ကလေးပျော်မြူးဖို့ကိုသာ လိုလားသူဖြစ်ကြောင်း

ကလေးရေ
သွားတော့
သွားတော့နော်
အိပ်မက်တွေ ပုံအောလောင်းပစ်လိုက်တော့မယ်
နှလုံးသားကတွယ်တာမှုမှန်သမျှ
အိပ်မက်တွေဆီပဲ ပုံအောပစ်တော့မယ်
ကလေးရေ သွားတော့
သွားတော့နော်
ကိုယ်မရှိတဲ့ ကမ္ဘာ
ကိုယ်မရှိတဲ့နေရာမှာ
ကလေးတစ်ယောက်ပျော်ပါစေ

အချစ်

သွေးစို့တတ်ရုံလောက်ပဲ .......
ဒဏ်ရာကို မွေးမြူမိခဲ့တယ်

သွားတော့နော်

သွားတော့
သွားတော့နော်
မတားကြေးပါပဲ
မင်းပျော်မယ်ဆို
ကိုယ်နောက်ချန်နေခဲ့ပါ့မယ်

သွားတော့
သွားတော့နော်
အကြောင်းပြချက်တွေ ကုန်ဆုံးသွားတဲ့အခါ
မင်းမျှော်လင့်သလိုပဲ
ဒို့တွေ မဆုံစည်းကြေးပေါ့

သွားတော့
သွားတော့နော်
ကိုယ်တကယ်ကြိုးစားခဲ့ပါတယ်
မင်းလက်ကိုပိုင်ပိုင်ဆုပ်ခွင့်ရဖို့

ကိုယ်ဖန်တီးတဲ့အကြောင်းပြချက်တွေံ
တဖြည်းဖြည်းဝေဝါးသွားပါ့မ.်
မင်းမဖန်တီးတဲ့ တွေ့ဆုံခွင့်တွေ
မင်းအတွက်
တဖြည်းဖြည်းဖျက်သိမ်းပေးပါ့မယ်

အစိမ်းရောင်ဆန်တဲ့အသံတွေမှာ
ကိုယ်ဟာ နစ်နစ်မြောမြော
ကလေးရေ
မင်း ပျော်စေချင်တဲ့ စိတ်ကူးနဲ့
ကိုယ် နှုတ်ဆက်ပေးမယ် ထာဝရအတွက်

သွားတော့
သွားတော့နော်
ကလေးတစ်ယောက်လို
မင်း  အဖြူဆန်ဆန်ကြောက်ရွံ့တတ်တ်
ကလေးတစ်ယောက်လို
လူမှုကွန်ယက်ကြီးကို မကြေညက်နိုင်သေး
မျက်စိမှိတ်ပြုံးပြနေတတ်တဲ့ မင်းလူမှုကွန်ယက်ကြီးကို
ကိုယ်က ငေးကြည့်နေမိ
ကလေးရေ သနားတယ်
ကိုယ်ဟာ ကလေးအတွက် အတောင်ပံတစ်ဖက် မဖြစ်ခဲ့ဘူး

ကလေးရေ
သွားတော့
သွားတော့နော်
ကိုယ်ဖန်တီးတဲ့အကြောင်းပြချက်တွေ
ကိုယ်ကိုယ်တိုင်ဖျက်သိမ်းပါ့မယ်
ကိုယ်သိမ်းထားတဲ့ နှလုံးသားထဲက မင်းဖုန်းနံပါတ်လေး
ကိုယ်ကိုယ်တိုင် ဖျက်သိမ်းပါ့မယ်
ကိုယ်ကိုယ်တိုင် သိမ်းဆည်းမိထားတဲ့ မင်းပုံရိပ်လေးတွေ
ကိုယ်ကိုယ်တိုင် ဖျက်သိမ်းပါ့မယ်

ကလေးရေ
သွားတော့
သွားတော့နော်

သစ်ပင်ပျောက်ဆုံးခြင်း

သူ

ကျွန်တော်

အိပ်မက်တွေ ပျောက်ဆုံးခဲ့ပြီဖြစ်၏။

တနေ့တခြားဟာတာတာနိုင်လာသော ကိုယ့်နှလုံးသားကိုယ်မုန်းမိရင်း သူ့အတွက်အလွမ်းများကိုရှာကြည့်တော့ဗလာ။ သူသည်ကျွန်တော့်အတွက် ဗလာဖြစ်နေပြီဖြစ်သည်။ ငှက်ကလေးကျွန်တော့်ကိုမပြုစားတော့ပါ။ သူ့ပြုစားခြင်းများကိုလွှတ်ချလိုက်လေသည်လား။ ယခုကျွန်တော့်တွင်ကြီးစိုးနေသည်က သက်ရှိနာ။ ပျောက်ရှနေသောသက်ရှိနာ၊ လက်ခံရယူနေသောသက်ရှိနာ။ အချစ်အလွမ်းအမုန်းဟူသည့်ပျောက်ရှနေသောသက်ရှိနာ၊ စားဝတ်နေရေးဟူသည့်လက်ခံရယူနေသော သက်ရှိနာ။ မည်သို့ပင်ဆိုစေကာမူ ခံစားခဲ့ဖူးသောအလွမ်းတို့ကို ကျွန်တော်တဖန်ပြန်လည်ရယူချင်နေပါသည်။ ခံစားခဲ့ဖူးသောအချစ်တို့ကိုတဖန်ပြန်လည် ချစ်ကြည့်ချင်ပါသည်။
သို့သော် ကျွန်တော့်နှလုံးသားသည် ယခုအချိန်ဝယ် အချစ်နှင့်အခြစ် မကွဲမပြား ဖြစ်နေသည်။

သူ ကျွန်တော့်အတွက်အိပ်မက်တွေမသယ်ဆောင်လာတော့ပါ။ သူသည် ကျွန်တော်နှင့်ဝေးရာကို တဖြည်းဖြည်းထွက်ခွာပြီဖြစ်၏။။ သူ့အတွက် ကျွန်တော့်ခံစားချက်တွေကို မည်ကဲ့သို့သိမ်းနှုတ်သွားပါသလဲ။ အမှန်တကယ် ကျွန်တော်မသိပါ။
လက်ရှိတွင်သူသည် ကျွန်တော့်အတွက် ငေးကြည့်နေရသော ပန်းလေးတစ်ပွင့်ဖြစ်သည်။ သူ့ကို ငေးကြည့်ရင်း သူ့အတွက်ချစ်ခြင်းကို ပြန်လည်တူးဖေါ်ကြည့်မိသည်။ သို့သော် မအောင်မြင်။ သူ့ကိုငေးကြည့်ရင်း သူ့ကိုလွမ်းမိသော အလွမ်းတို့ကို ပြန်လည်ပုံဖေါ်ကြည့်သည်။ ရေမှာ အရုပ်ရေးသူကမှ ရေလှိုင်းလေးတွေကို မြင်ခွင့်ရနိုင်သေးသည်။ ယခုတော့ သူသည်ကျွန်တော့်အတွက် ဗလာဖြစ်ချေပြီ။

သူသည် မှော်ဆရာလေလား။
သိမ်းနှုတ်ခြင်းအတတ်ပညာကို အဘယ်သို့သောကျွမ်းကျင်သူဆီမှာ သင်ကြားလေ့လာခဲ့ပါသလဲ။ ကိုယ် လွမ်းသည်။ လွမ်းလွန်းသည်။ လွမ်းလှသည်။ သူ့ကို ချစ်မိခြင်း၏ အကျိုးဆက်ကို ကိုယ်လွမ်းသည်။ သူ့မျက်နှာကိုမြင်ချိန်၌ခံစားရသော ရင်ခုန်ကြည်နူးမှုကို လွမ်းသည်။ သူ့ကို ငေးကြည့်နေရချိန်၌ တသိမ့်သိမ့်ကြည်နူးရသောခံစားချက်ကို လွမ်းသည်။ သူသည် ကျွန်တော့်အတွက်ပန်းတိုင်ဖြစ်သည်။ သူသည် ကျွန်တော့်အတွက် အိပ်မက်ဖြစ်သည်။ သူသည် ကျွန်တော့်အတွက် ဘဝဖြစ်သည်။

ခုတော့သူသည် ကျွန်တော့်အတွက် ဗလာဖြစ်နေသည်။

ခံစားဖူးသူတိုင်း သိကြပါမည်။
အချစ်ကြောင့်မည်မျှပင် ကြောက်ရွံ့ခဲ့စေကာမူ အချစ်ကြောင့် ခံစားရခြင်းကို ရှောင်ဖယ်ဖို့ထက် ထွေးပိုက်လိုကြသူချည်းသူ ဖြစ်သည်။ ယခု ကျွန်တော့်လို နှလုံးသားရှိ ခံစားချက်ပြညွှန်တံပျောက်နေသူများ လောကတွင် မည်မျှများလေမလဲ။
ကျွန်တော် အချစ်ကို ချစ်သည်။အလွမ်းကို ချစ်သည်။ အမုန်းကိုချစ်သည်။ သူသည်ကျွန်တော့်အတွက် ဒဏ်ရာရစေသော ဓါးတစ်စင်းဖြစ်နေပါစေ။ ထွေးပိုက်ထားချင်သည်။ သူသည်ကျွန်တော့်အတွက် မပိုင်ဆိုင်နိုင်သော လတစ်စင်းဖြစ်နေပါစေ။ ငေးမောကြည့်နေချင်သည်။ သူသည် ကျွန်တော့်အတွက် ဘာမှမဖြစ်ဟူသည့် ခံစားချက်မဲ့ဗလာကြီးကိုကျွန်တော် မချစ်ပါ။ကျွန်တော် မလိုချင်ပါ။

လူမှန်လျှင်ခံစားချက်တော့ရှိရမည်။ မိသားစုချစ်ခြင်းမေတ္တာပဲဖြစ်စေ၊ ၁၅၀၀ ချစ်ခြင်းမေတ္တာပဲ ဖြစ်စေ ရှိသင့်သည်သာဖြစ်၏။ ကျွန်တော့်တွင် ၅၂၈မေတ္တာနှင့်ပတ်သတ်၍လည်း ခံစားချက်ပြည့်စုံစွာရှိ၏။ ၁၅၀၀ချစ်ခြင်းမေတ္တာနှင့်ပတ်သတ်၍လည်း သူ့အတွက်နှင့် ခံစားခဲ့ဖူး၏။သို့သော် ယခုတော့ထိုခံစားချက်များကို သူ မညှာမတာ ရုတ်သိမ်းလေပြီ။
            ဟာတာတာဖြစ်နေသောနှလုံးသားကို ကျွန်တော်အလိုမရှိပါ။သူ့အတွက် ချစ်ခြင်းတို့တစ်ဖန်မွေးဖွားချင်ပါသည်။ ပျောက်ဆုံးခဲ့သော အိပ်မက်များစွာကို ဖွေရှာပါမည်။ သူသည် ကျွန်တော့်အတွက် ဘဝတစ်ခုဖြစ်စေချင်ပါသည်။ကျွန်တော်သည်သူ့အတွက် ခင်မင်သူ မိတ်ဆွေကောင်းဖြစ်ပါစေ။ ကျွန်တော် သူ့အတွက် နာကျင်ရပါစေ။ကျွန်တော် သူ့အတွက် ဖြည့်ဆည်းခွင့်ရပါစေ။
သူမဟုတ်သောတခြားတစ်ယောက်အတွက်များ ကျွန်တော့်ချစ်ခြင်းတို့ ခေတ္တသေဆုံးသွားပါလား။
ထိုအဖြေကို ကျွန်တော် ဆက်မတွေးလိုပါ။ ကျွန်တော့်နှလုံးသားကိုတစ်ယောက်သောသူအတွက်သာ ပန်းများပွင့်စေလိုပါသည်။ ထို့အတွက် သူ့ကို သာကျွန်တော် ကြည့်နေချင်ပါသည်။ အကယ်၍များ တစ်စုံတစ်ယောက်သာ ကျွန်တော့်နှလုံးသားထဲသို့ဝင်လာပါက ကျွန်တော်ပျော်လေမည်လား။ မသိ။ကျွန်တော်မသိပါ။
ယခုအချိန်ဝယ် သူ့မျက်နှာကိုသာငေးမောကြည့်နေမိရင်း ကျွန်တော့်ချစ်ခြင်းတို့ကို ပြန်လည်အသက်သွင်းဖို့ကြိုးစားနေပါသည်။သို့သော်မအောင်မြင်သေး။
ငှက်ကလေးတစ်ကောင်အတွက် ရှင်သန်ခဲ့သောသစ်ပင်တစ်ကောင် ယခုအချိန်မှာ နှလုံးသားပျောက်နေပါသည်။ သို့မဟုတ် နှလုံးသားစက်ရပ်နေပါသည်။

ရည်ဝေ(လင်းရောင်ခြည်)

ကိုယ့်အတွက်တော့ အချစ်ဆိုတာ

စံပယ်တွေဖူးနေပါလျှက်
ရနံ့တွေ လိုက်ရှာနေမိတုန်း
တောင်တွေ တွေ့နေပါလျှက်
မြေသားအခင်းကို တမ်းတနေမိခဲ့
ကိုယ်ဟာ နတ်မလိုက်နိုင်တဲ့ လောဘဆိုးလေးတစ်ခုလို

သူ့အပြုံးတွေမြင်နေပါရဲ့နဲ့
သူ့မျက်ဝန်းလေးတွေကို တို့ထိချင်မိခဲ့တယ်။

သူပြောတတ်တဲ့ အိပ်မက်စကားလေးတွေ
ကိုယ့်ဆီမှာတယုတယ
ထွေးပိုက်ထားတဲ့ ရက်ကော်ဒါလေးရှိရဲ့
သူမေးတတ်တဲ့ အဆီအငေါ်မတဲ့ မေးခွန်းတွေ
အမြတ်တနိုးသိမ်းမိထားတဲ့
စာအုပ်လေးတစ်အုပ်ရှိတယ်

သူမသိတဲ့ အကြောင်းအရာဟာ
ကိုယ်က သူ့ရဲ့ ဒစ်ရှင်နရီဆိုတာပဲ
သူ့အကြောင်း အစအဆုံး
သိနိုင်သမျှသိအောင်စုံစမ်းမိ
ကိုယ့်ကိုယ်ကို ပြန်ထိမယ့် ဓါးတွေကိုမှ
တခုတ်တရ သိမ်းထားတတ်သူက ကိုယ်

သူမသိ
သို့မဟုတ် သူသိ
သိချင်သိမသိချင်နေ
ချစ်ခြင်းတရားဆိုတာ
ချစ်ခွင့်ရနေခြင်းနဲ့တင်ပြည့်စုံ
သူပျော်ရင် ကျေနပ်ပါရဲ့
သူပြုံးရင် ကိုယ်ပျော်ပါရဲ့
သူ့အတွက်ဆို
ကိုယ့်နှုတ်ခမ်းဟာ မုသားချိုချိုလေးတွေ သုံးပေးချင်ပါရဲ့

တစ်ဖတ်သတ် တိတ်တခိုး ကြိတ်ပိုး
ဆိုချင်ရာဆို
လက်ခုပ်တိုင်း နှစ်ဖက်တီးတယ် ဘယ်သူပြောလဲ
ကိုယ့်လက်တစ်ဖက်နဲ့ လက်ဖျစ်တစ်ချက်တီးရင်း
ပြောပြလိုက်မယ်
ချစ်ခြင်းဆိုတာ
ညီမျှခြင်းချဖို့ ဖြစ်တည်လာတာမဟုတ်။

အမည်ခံ အချစ်

ရိုးသားမှုက တန်ဖိုးမရရှာတော့
မာယာတွေ ဈေးကောင်းရနေခဲ့
တစ်လုံးချိုင့်လည်း နှလုံးသားရှိတာမဟုတ်တော့
တစ်လုံးချိုင့်လည်း လောကစည်းစိမ်ခံစားခွင့်ရှိတယ်
ကြိုက်ဈေးရောင်းဝယ်
နှစ်ကိုယ်တူ တဲအိုပျက်မှာနေဖို့ကြိုးစား
အခါအခွင့်သင့်တဲ့အခါ
တစ်ယောက်နဲ့တစ်ယောက်
ဖြတ်ခုတ်သွားကြ
ဒီအဖြစ်က
တစ်လုံးချိုင့်မှာတင်မက
လေးဆင့်ချိုင့်မှာလည်းရှိတယ်
ဒီလိုနဲ့ပဲ
ရိုးသားမှုလေးတွေဟာ
တန်ဖိုးလေးတွေ ကျလာရရှာ
ဘယ်သူမှ မသုံးချင်တော့တဲ့ အရာဖြစ်လာတယ်

ချစ်သူ

ကမ်းမရှိသည့် ပန်းတိုင်တွေကို
နှစ်ယောက်တူတူဆွတ်ခူးဖို့
အိပ်မက်အကြီးကြီးမက်နေကြသူများကို
ချစ်သူ ဟု သတ်မှတ်သည်။

ခြောက်သွေ့နေဆဲ မြက်ခင်းလေးပါ

ခြောက်သွေ့နေတဲ့ မြက်ခင်းလေးပါ
ခဏခဏ အဆိပ်လာမခတ်ပါနဲ့
မီးလောင်တတ်တယ်

အဲဒီနေ့က
အဲဒီနေ့က
အဲဒီနေ့က

အကြီးကြီးမျှော်လင့်ခဲ့တယ်
အဲဒီနေ့က။

ကတိတွေ အထပ်ထပ်မှာ အခါခါလဲကျ
အဲဒီနေ့တွေများလာခဲ့
ကိုယ့်မြက်ခင်းဟာ တစထက်တစ ခြောက်ခြောက်သွေ့သွေ့

အိပ်မက်တွေဟာ ခိုကပ်နေတဲ့ မြည်းလို

မျှော်လင့်ရမှာတောင် ကြောက်နေတတ်ခဲ့ပြီ။

ခြောက်သွေ့နေတဲ့မြက်ခင်းလေးပါ
အဆိပ် လာမခတ်ပါနဲ့
တောင်းပန်တယ်။

ဝနခံချက်

မြက်ခင်းတိုင်း စိမ်းတာမှမဟုတ်ပဲလေ
အိပ်မက်တိုင်း တကယ်လိုချင်ခဲ့တာဟုတ်ရဲ့လား

ကိုယ်ပေးသမျှ တမ်းတခြင်းတိုင်မှာ
တခါတလေတော့ လှည့်စားမှုလေးသုံးခဲ့တယ်

တစ်ခုတော့ဝန်ခံချင်ရဲ့
ဒီတစ်ကြိမ်တွေ့ရှိခြင်းကို နောက်ဆုံးဖြစ်စေချင်ခဲ့
အချစ်ဆိုတာကို။

တရားခံ

သူ
ကျွန်တော်

လှမ်းချင်ပါရဲ့ မနီးကြသူလို
စားဝတ်နေရေး ဆိုတဲ့ လောကပါလတရားကြီးကို ပျစ်ပျစ်နှစ်နှစ်အမြင်ကပ်ပေးလိုက်တ,f

သူဖန်တီးတဲ့အရာကို သူကိုယ်တိုင်ပဲ ဖျက်ဆီးတတ်တာ
အဲဒီလောကပါလတရားပေါ့

အတိုက်အခိုက်ကြောင့်ပိုရှင်သန်လာမလား
အတိုက်အခိုက်ကြောင့် ပိုလျော့နည်းသွားမလား
ကျွန်တော်နဲ့သူ့ကြားက ချစ်ခြင်းတရားတွေ

တခါတခါ
ငွေက လူကို နိုင်တယ်ဆိုတာ
ကျွန်တော် မယုံချင်ဘူး
ဒါပေမယ့်လည်း ယုံခဲ့ရ။

Wednesday, August 7, 2013

ငှက်ကလေးသို့

ဒီလိုပဲပေါ့
ငါ လှောင်အိမ်ကို ဖွင့်ပေးလိုက်ပါတယ် ငှက်ကလေးရယ်
အစကတည်းက သော့ခတ်ထားတာမှမဟုတ်ပဲ
မင်းလာချင်လာ ပြန်ချင်ပြန်
ဒီအိမ်ငယ်မှာ လှောင်ဆိုတဲ့ စကားလုံးလေးကို အသေသတ်ထားပါတယ်

မင်းမြင်ခဲ့တာ အိမ်မဟုတ်ခဲ့ရင်တော့ ကိုယ့်အမှားပေါ့

သစ်ပင်တစ်ပင်က ရူးရူးမိုက်မိုက်
သူ့အကိုင်းအခက်ကို ချိုးလို့ အိမ်ငယ်တစ်လုံးအဖြစ် တည်ဆောက်ထားကြောင်း
မင်းသိအောင် သတင်းပို့ချင်ခဲ့ပါတယ်

ခက်တာက
မင်းမကြားချင်တဲ့ အသံက ကိုယ့်အသံတဲ့လေ
ဒီလိုနဲ့ပေါ့
ဖုန်းထဲက မင်းနံပါတ်လေးကို ဘလက်ခ်လစ်ထဲ ကိုယ်ထည့်ပိတ်ခဲ့ပါတယ်
မင်းကျေနပ်အောင်။

Tuesday, August 6, 2013

သိမ်းဆည်းလိုက်ပြီ

“သိမ်းဆည်းလိုက်ပြီ”

တိတ်တိတ်လေး သိမ်းဆည်းထားမိခဲ့တယ်
အိပ်မရတဲ့ ညတွေအကြောင်း

ခေါ်ဆိုဖို့မေ့ချင်ယောင်ဆောင်နေခဲ့တဲ့ ဖုန်းနံပါတ်တစ်ခုအကြောင်း
အမှတ်မရချင်ယောင်ဆောင်နေခဲ့တဲ့ စကားများစွာအကြောင်း
သတိမရချင်ယောင်ဆောင်နေခဲ့တဲ့ အပြုံးများစွာအကြောင်း။

တစ်စုံတစ်ယောက်အတွက်
တစ်စုံတစ်ခုအတွက်
သတိပေးဖို့ မေ့နေတဲ့စကားတစ်ခွန်းရှိသေးတယ်

ကိုယ့်ကိုယ်ကို သူရဲကောင်းကြီးထင်တတ်သူကို ငါအရမ်းမုန်းတယ် ဆိုတဲ့အကြောင်း။

ဒီလိုပဲပေါ့
တိတ်တိတ်လေးသိမ်းဆည်းခဲ့လိုက်ပါတယ်
မပွင့်လင်းမိသေးတဲ့ သံယောဇဉ်များစွာအကြောင်း
မုန်းနေမိတဲ့ သူရဲကောင်းယောင်ဆောင်တတ်သူတစ်ယောက်အကြောင်း
ချစ်နေမိတဲ့ ကလေးဆန်တဲ့ အကောင်ငယ်လေးတစ်ယောက်အကြောင်း
ဒီလိုပဲ ပေါ့
တိတ်တိတ်လေး သိမ်းဆည်းခဲ့ပါတယ်
ဘယ်တော့မှ ဖွင့်ကြည့်မှာ မဟုတ်တဲ့ ဥပက္ခာဥယျာဉ်ငယ်လေးထဲမှာ။

Tuesday, July 30, 2013

လွမ်းတယ်

ကမ္ဘာဦးသစ်သီးကြောင့် ပန်ဒိုရာရဲ့ ဖြားယောင်းမှုနောက် လိုက်နေမိတယ်
လွမ်းတယ် ငှက်ကလေး
မနေ့ကအလွမ်းဟာ ဒီနေ့ထိဆက်လာ
ခြေလက်မရှိပေမဲ့
သက်ရှိအလွမ်းတွေဟာ နှိပ်စက်တတ်ကြောင်း
သင်ယူခဲ့ရပေါ့

ကွယ်

ကွယ်

 

မျက်ရည်ဆိုတာ

 တံတိုင်းမရှိတဲ့ မြစ်လား

 

နင့်သည်းနေတဲ့ ရင်ဟာ

တားမြစ်ဖို့ကို မတွေးမိသေးဘူး

Monday, July 29, 2013

၅-၆-၂၀၁၃ တစ်နေ့တာ

တေလေ
လွင့်ချင်နေတယ်
လွှင့်ချင်နေတယ်
ခပ်မိုက်မိုက် ဆွဲညှစ်ပစ်လိုက်မိတဲ့ ဘရိက်မှာ
ဆိုင်ကယ်က ဘီးချော်သွား

အချစ်တဲ့

တိတ်တိတ်လေးသိမ်းထားတဲ့အိပ်မက်တွေမှာ
ငှက်ကလေးကို ကိုယ့်ရင်ထဲဝှက်ထားတယ်
ဘယ်သူမှ မမြင်ခဲ့။